Friday, September 11, 2015

ဂျပန်တွင် ရေကြီးနေသည့် ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေ

ဂျပန်နိုင်ငံတွင် ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်နေသည့် ဒေသများသို့ ကယ်ဆယ်ရေး ဝန်ထမ်း ထောင်နှင့်ချီ သွားရောက် ကူညီနေကြောင်း သတင်းရရှိသည်။

တိုကျိုမြောက်ပိုင်းရှိ ဂျိုဆိုမြို့တွင် ဂျပန်နိုင်ငံ သမိုင်း၌ အဆိုးရွားဆုံး စာရင်းဝင် ရေကြီးမှုများနှင့် ရင်ဆိုင်နေရသည်။ စက်တင်ဘာ ၁၁ ရက်တွင် အဆိုပါ ဒေသ၌ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေပြီး တိုင်ဖွန်း အီတာအူ၏ သက်ရောက်မှုများကလည်း သဘာဝ ဘေးအန္တရာယ် အခြေအနေ ပိုမို ဆိုးရွားလာမည့် ခြိမ်းခြောက်မှုမျိုး ဖြစ်ပေါ်လျက် ရှိသည်။
စက်တင်ဘာ ၁၁ ရက်တွင် ကယ်ဆယ်ရေး ဝန်ထမ်းများသည် နေအိမ်ခေါင်မိုးများပေါ် တက်၍ ရေဘေးရှောင်နေရသူ ရာပေါင်းများစွာကို ကူညီ ကယ်ဆယ်ခဲ့သလို ပျောက်ဆုံးနေသည့် လူ ၁၂ ဦးကိုလည်း ဖြန့်ကျက် ရှာဖွေနေကြသည်။ ရေကြီးမှုများအတွင်း အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်းကို အာဏာပိုင်များက အတည်ပြုထားသည်။
ရေကြီးနေသည့် ဒေသများသို့ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အားဖြည့်ခဲ့ပြီး ညလုံးပေါက် လုပ်ငန်းများ ဆောင်ရွက်နေခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။ အီဘာရာကိုင် ကျွန်းဆွယ်ရှိ လူပေါင်း ၆၅၀၀၀ မျှ နေထိုင်သည့် ဂျိုဆိုမြို့လေးသည် ရေကြီးသည့်ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ပိတ်မိနေသည့် ဒေသခံများကို စစ်တပ်၏ လှေများ၊ ရဟတ်ယာဉ်များဖြင့် လိုက်လံ ကယ်ဆယ်နေရသည်။
ရေကြီးမှုများကြောင့် အိမ်ခြေ ၆၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ယုံကြည်ရပြီး စက်တင်ဘာ ၁၀ ရက်တွင် ကီနူဂါဝါ မြစ်ကမ်းနံဘေး တာရိုးတစ်ခု ကျိုးသွားခြင်းက အခြေအနေ ပိုမို ဆိုးရွားလာစေခဲ့ကြောင်း သိရသည်။ “အခုထိ လူ ၁၂ ယောက် ပျောက်နေတယ်။ ၇ ယောက်တော့ ဒဏ်ရာတွေ ရခဲ့ပါတယ်”ဟု ကီဘာရာကိုင်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်သည့် ဟီရိုအာကိုင် တာချိုင်က ပြောကြားခဲ့သည်။
“လောလောဆယ်တော့ ကယ်ဆယ်ရေးအတွက် အကောင်းဆုံး လုပ်နိုင်သမျှ ကြိုးစားနေပါတယ်။ ဒေသခံတွေကိုလည်း နိုးနိုးကြားကြား ရှိနေဖို့ သတိပေးထားတယ်”ဟု ၎င်းက ဆိုသည်။ ကာနူမာတွင် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးမှာ ရေကြီးမှုနှင့် ဆက်စပ် ဖြစ်ပေါ်လာသော မြေပြိုမှုများအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၀ ရက်တွင် ဂျပန် သတင်းဌာနများက ရေစီးဒဏ်ကြောင့် အိမ်ကြီး တစ်ခုလုံး အောက်ခြေမှ ကျွတ်ထွက်ကာ မျောပါသွားသည့် ဝေဟင်မှတ်တမ်း ဗီဒီယိုကို ထုတ်လွှင့် ပြသလိုက်ပြီး လက်ရှိ ကြုံနေရသည့် ရေကြီးမှုများ၏ အခြေအနေဆိုးကို ပိုမိုထင်ရှား မြင်သာစေခဲ့သည်။
အာဏာပိုင်များက ဂျိုဆိုမြို့အပြင် ပတ်ဝန်းကျင် ဒေသများမှ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ယာယီ ရွှေ့ပြောင်းနေရန် အမိန့်ပေးထားသည်။ ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး မိုးရေချိန် လက်မ ၆၀ ကျော် ရှိနေကြောင်းလည်း သိရသည်။ မိုးလေဝသ ဌာနများက နောက်ထပ် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံများ သတိပြုကြရန် နှိုးဆော်ထားသည်။
_Ref: CNA

No comments:

Post a Comment